“ဆေးကုရမယ့် နောက်ထပ်ရောဂါနာမည်အသစ်က ပလတ်စတစ်ရောဂါများလား….”

ဧပြီလဆန်းပိုင်း နံနက်စောစောအချိန် ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တစ်နေရာတွင်ရှိသည့် မုန့်ဟင်းခါးဆိုင်ဖြစ်သည်။

အဆိုပါမုန့်ဟင်းခါးဆိုင်အတွင်းမှ ထွက်လာသူများ၏လက်ထဲ၌ ပုံမှန် တွေ့မြင်နေကြ ပလတ်စတစ်အိတ်များအစား စတီးချိုင့်များကိုယ်စီဖြင့်မြင်တွေ့ရသည်။

သင်းပျံ့လာသည့် ရနံ့ကြောင့်ရော မြင်တွေ့နေကြမဟုတ်သည့်မြင်ကွင်းကြောင့်ပါ မုန့်ဟင်းခါးတစ်ပွဲ စားသုံးရန် ဆိုင်အတွင်းသို့ဝင်လိုက်မိသည်။

စာရေးသူ “မုန့်ဟင်းခါး ပါဆယ်တစ်ပွဲပေးပါ”

ဆိုင်ရှင် “အစ်ကို ထည့်စရာချိုင့်ပါပါသလား”

စာရေးသူ “မပါလာဘူးဗျာ”

ဆိုင်ရှင် “ဆောရီးပါ အစ်ကို။ ကျွန်မတို့ဆိုင်က ပလတ်စတစ်နဲ့ပါဆယ်မထုပ်ပေးပါဘူး။ ချိုင့်မပါရင် ကျွန်မတို့ ခဏငှားပေးလိုက်ပါ့မယ်။ လမ်းကြုံတဲ့အခါမှပြန်ပေးပါ” ဟုဆိုသည်။

ထို့အပြင် ဆိုင်ရှင်ဖြစ်သူက “ စားသုံးသူရဲ့ ကျန်းမာရေးက အဓိက ဦးစားပေးလို့ တွေးထား တာကြောင့်ပါ။ ပူပူလောင်လောင်ဟင်းရည်ကို ပလတ်စတစ်တွေနဲ့ မစားစေချင်တာကြောင့်ပါ ” ဟု ခပ်ပြုံးပြုံးမျက်နှာဖြင့် ပြန်ဖြေသည်။

ပူပူလောင်လောင်အစားအစာများကို ပလပ်စတစ်အိတ်ဖြင့် ထည့်မသုံးသင့်ကြောင်းကို လူတိုင်းနီးပါး သိရှိပြီးဖြစ်သည်။

သို့သော် လူအများစုသည် ၎င်းအချက်ကိုမေ့ဖျောက်ကာ အသုံးပြုရလွယ်ကူသည့် ပလတ်စတစ်ကို အဓိကထားအသုံးပြုနေကြသည်။

ပညာရှင်များ၏ သုတေသနပြုချက်အရ ပလတ်စတစ်အသုံးအဆောင်များမှ ထွက်လာသည့် အဆိပ် အတောက်များ၊ ဓာတုပစ္စည်းများကို လူများ၏သွေးကြောနှင့် တစ်ရှူးများ၌ပင် စမ်းသပ်တွေ့ရှိနိုင် ကြောင်းဆိုသည်။

တစ်နည်းအားဖြင့်ဆိုပါက လူသားများသည် သိ၍ဖြစ်စေ၊ သတိမမူဘဲဖြစ်စေ ပလပ်စတစ်များကို နေ့စဉ် စားသုံးမိနေကြသည်။

WWF (World Wildlife Fund) ၏ခန့်မှန်းချက်အရဆိုပါက ၂၀၁၉ ခုနှစ်တွင် သာမန်လူတစ်ယောက်သည်တစ်ပတ်အတွင်း Credit Card တစ်ကဒ်စာပမဏ ပလတ်စတစ်များကို စားသုံးနေကြသည်။

ပလပ်စတစ်တွေကို ဘယ်လိုစားသုံးမိနေကြလဲ

လူအများသတိမမူမိသောအချက်မှာ  ပလတ်စတစ်များဖြင့်ပြုလုပ်ထားသော အစားအစာထုပ်ပိုး ခြင်း၊ ဆေးဝါး၊ အဝတ်အထည်နှင့် အလှပြင်ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့မှ ထွက်ရှိလာသော ပလတ်စတစ်အမှုန်အမွှားများမှာ ခန္ဓာကိုယ်အတွင်းသို့ မသိမသာ ဝင်ရောက်လာနေခြင်း ဖြစ်သည်။

၎င်းပလတ်စတစ်အမှုန်များကို ပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများမှ မိုက်ခရိုပလတ်စတစ် (Microplastics) နှင့် နာနိုပလတ်စတစ် (Nanoplastics) ဟူ၍ အမျိုးအစားခွဲကာ ခေါ်ဝေါ်ကြသည်။

အထက်ပါ ပလတ်စတစ်အမှုန်ဆိုသည်မှာ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများအပါအဝင် ပလတ်စတစ်ပစ္စည်းများ နေ၊ ရေ၊ လေတို့ကြောင့်ပျက်ဆီးပြီး ကျန်ရှိသည့် အမှုန်များဖြစ်သည်။

“ပလတ်စတစ်ရဲ့ပြဿနာက မပြိုကွဲနိုင်ဘူးဖြစ်နေတာ။ သဘာဝနည်းလမ်းနဲ့ သူ့ဘာသာသူ မပြိုကွဲဘူး။ နှစ်ပေါင်းထောင်နဲ့ချီပြီးတော့ မပြိုကွဲပဲရှိနေနိုင်တယ်။ သူ့ကိုဖျက်ဆီးလိုက်တယ်။ ဆုတ်ဖြဲလိုက်တယ်ဆိုတောင်မှ မိုက်ခရိုပလတ်စတစ်အဆင့်ထိပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ ပလတ်စတစ်အစတွေ ဖြစ်သွားနိုင်တယ်။ အဲဒီပလတ်စတစ်စတွေက လျှောက်ပြီးရောက်သွားနိုင်တယ်။ လေထုထဲကိုလည်းရောက်နိုင်တယ်။ ရေထုထဲလည်း ရောက်နိုင်တယ်။ အခုဆို Ocean (ပင်လယ်) ထဲမှာဆို ပလတ်စတစ်စပေါင်း ထရီလီယံနဲ့ချီပြီး ရှိနေပြီဆိုပြီး နောက်ဆုံးလေ့လာချက်တွေရှိတယ် ” ဟု သဘာဝပတ်ဝန်းကျင် အရေးလုပ်ဆောင်နေသည့် ဆရာဝန်တစ်ဦးက ပြောပြသည်။

မိုက်ခရိုပလတ်စတစ်များသည် အချင်း ၅ မီလီမီတာထက်နည်းပြီး နာနိုပလတ်စတစ်များသည် အချင်း 0.001 မီလီမီတာ အောက်ရှိသည်။

အချို့သော ပလတ်စတစ်အမှုန်များကို မျက်စိဖြင့်မြင်တွေ့နိုင်သော်လည်း အချို့မှာမျက်စိဖြင့် မမြင်နိုင်သည့်အထိ သေးငယ်နေနိုင်ကြောင်း ပလတ်စတစ်လျော့ချရေးအတွက်လုပ်ဆောင်နေသည့် ပြညန်တွင်းအခြေစိုက် သန့်မြန်မာအဖွဲ့မှလည်းဆိုသည်။

ပလတ်စတစ်အမှုန်မျာသည် ပုတီးစေ့ကဲ့သို့ အလုံးပုံစံ၊ အမျှင်များ (သို့တည်းမဟုတ်) အမြှုပ်၊ အပိုင်းအစလေးများအဖြစ် ပုံစံအမျိုးမျိုးဖြင့် ပြိုကွဲသွားကြကြောင်း ပညာရှင်များက တွေ့ရှိထားသည်။

ထို့နောက် ပလတ်စတစ်အမှုန်များသည် အစားအသောက်၊ ရေထု၊ လေထုတို့အပြင် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် လူသားများ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကြသည်။

လူသားများ၏ ကျန်းမာရေးအပေါ် ထိခိုက်မှု

ယနေ့ခတ်တွင်ပလတ်စတစ်ညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်အစ်ရှူး သက်သက် မဟုတ်တော့ဘဲ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ်အဖြစ် အသွင်ပြောင်းလဲလာသည်။

မိုက်ခရိုပလတ်စတစ်နှင့် နာနိုပလတ်စတစ်အမှုန်များသည် လူသားများ၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီးနောက် ကျန်းမာရေးအပေါ်သက်ရောက်မှုများကို ဖြစ်ပွားစေသည်။

ပလတ်စတစ်အမှုန်များသည် ၎င်းတို့ကိုထုတ်လုပ်စဉ်ကပါဝင်သည့် ဓာတုပစ္စည်းများ အပြင် ရောဂါပိုးမွှား သယ်ဆောင်ကြသူများလည်းဖြစ်ကြကြောင်း သန့်မြန်မာအဖွဲ့၏မှထုတ်ပြန်သည့် သုတေသနစာတမ်းများတွင် ဖော်ပြသည်။

ပလတ်စတစ်အမှုန်များနှင့်ပတ်သက်ပြီး စိုးရိမ်ဖွယ်တွေ့ရှိချက်တစ်ခုကို အမေရိကန်နိုင်ငံ၊ တက်ဆက်ပြည်နယ်ရှိ Rice University ၏လေ့လာ သုတေသနပြလုပ်ချက်များတွင် တွေ့ရှိထားသည်။

ပုံမှန်အားဖြင့် ပလတ်စတစ်အမှုန်များသည် လေထဲမှတစ်ဆင့် (သို့မဟုတ်) အစားအသောက်နှင့် ရေမှတစ်ဆင့်သော်လည်းကောင်း လူ့ခန္ဓာကိုယ်အတွင်းဝင်ရောက်လျှက်ရှိသည်။

ထို့အတူ ၎င်းအမှုန်များ၏မျက်နှာပြင်တွင် ဓာတုပစ္စည်းများ၊ ဘက်တီးရီးယားပိုးမွှားနှင့် genetic materials ဟုခေါ်သော မျိုးရိုးဗီဇပစ္စည်းများပါ ခိုကပ်ပြီးပါလာနိုင်ကြောင်း Rice University မှ ထုတ်ပြန်သောစာတမ်းတွင် ရေးသားထားသည်။

“ပလတ်စတစ်က ရေတွေထဲမှာတောင်မှပါနိုင်တယ်။ အဲ့ဒီ့မသိတဲ့အကြောင်းအရာ၊ မျက်စိနဲ့မြင်ရတဲ့အတွက် ကျွန်တော်တို့သောက်လိုက်တယ်။ စားလိုက်တယ်။ အဲ့ကနေမှ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတယ်။ သူတို့က ဘယ်လောက်အထိသေးလဲဆိုရင် သွေးကြောတွေထဲမှာတောင်လှည့်ပတ်သွားနိုင်တဲ့ အနေအထားထိ ပလတ်စတစ်တွေကသေးတယ်လို့ ပြောတယ်။ မိုက်ခရိုပလတ်စတစ်တွေက သေးတယ်။ အဲ့အတွက်ကြောင့်မို့ မိုက်ခရိုပလတ်စတစ်တွေက ခန္ဓာကိုယ်ထဲကိုဝင်တယ်” ဟု သဘာဝပတ်ဝန်းကျင် အရေးလုပ်ဆောင်နေသည့် ဆရာဝန်ကပြောသည်။

ထို့အပြင် ပလတ်စတစ်အမှုန်များ တဖြည်းဖြည်းပျက်စီးစပြုလာသည့်အခါ ၎င်းတို့နှင့်အတူ ကပ်ပါလာသည့် ဘက်တီးရီးယားပိုးမွှားများနှင့် ဓါတုပစ္စည်းတို့ပေါင်းစပ်ကာ အဏုဇီဝ ပိုးသတ်ဆေးများကိုအံတုနိုင်စေသော ဂုဏ်သတ္တိတစ်ခုဖြစ်ပေါ်လာကာ ဆေးမတိုးသည့် အန္တရာယ်ပါရှိလာကြောင်း ပညာရှင်များကဆိုသည်။

ထိုမျှပင်မကပေ။ ပလတ်စတစ်အမှုန်များကို လူ့ခန္ဓာကိုယ်အတွင်းရှိ အရေးကြီး အစိတ်အပိုင်းများ ဖြစ်သော အဆုတ်၊ အသဲ၊ ကျောက်ကပ်၊ သရက်ရွက်တို့အပြင် လူ့အညစ်အကြေးများတွင်ပင် တွေ့ရှိရကြောင်း ဗြိတိန်အခြေစိုက် the guardian သတင်းစာမှလည်း သုတေသနတွေ့ရှိချက်များကို ကိုးကားပြီး ၂၀၂၀ ခုနှစ်၊ ဩဂုတ်လက ရေးသားခဲ့သည်။

ပလတ်စတစ်တွင် အဓိက ပါဝင်နေတဲ့ ဓာတုပစ္စည်းများမှာ Pesticides – ပိုးသတ်ဆေး၊ Phthalates၊ Flame retardants၊ Bisphenol (BPA)၊ Perfluoroalkyl and Polyfluoroalkyl Substances (PFAS) တို့ဖြစ်သည်။

စမ်းသက်ချက်များအရ ပလတ်စတစ်အမှုန်များတွင်ပါဝင်သည့် Bisphenol (BPA) နှင့် အခြားသော ဓာတုပစ္စည်းများသည် အဆုတ်ကင်ဆာအပါအဝင် အခြားသော ကင်ဆာရောဂါအချို့ကိုလည်း ဖြစ်ပွားစေကြောင်း ၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့သည့် Plastic Health Summit တွင် Prof. Dr. Nienke Vrisekoop ကတင်ပြထားသည်။

အလားတူ အစားအသောက်များထည့်သည့် ဖော့ဘူးများပြုလုပ်သည့်အခါအသုံးပြုသည့် Polystyrene (ပိုလီစတီရင်း) သည်လည်း ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည်ဟု ၂၀၁၈ ခုနှစ်တွင် WHO မှ ထုတ်ပြန် ကြေညာဖူးသည်။

Polystyrene သည် အစားအစာများနှင့် အချိန်အတော်ကြာထိတွေ့မိသည့်အခါ ဓာတ်ပြုပြီး အဆုတ်ကင်ဆာ၊ သားမြတ်ကင်ဆာနှင့် အသည်းရောဂါဖြစ်ပွားစေသကဲ့သို့ သွေးကင်ဆာ၊ ပန်ကရိယနှင့် အစာပြွန်တွင် အကျိတ်များကိုဖြစ်ပွားစေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို ကိုးကားပြီး သန့်မြန်မာအဖွဲ့မှလည်း မျှဝေခဲ့သည်။

အလားတူ ပလတ်စတစ်တွင်ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် အဝလွန်ခြင်း၊ သွေးတိုးစေနိုင်ခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို တိုးစေနိုင်ကြောင်းကို သတိပေးထားသည်။

ထိုပစ္စည်းများကြောင့် မျိုးပွားမှုစနစ်များအပေါ် သက်ရောက်စေပြီး အမျိုးသားများတွင် လိင်မှုဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေကြောင်းသိရသည်။

အမျိုးသမီးများတွင်လည်း သားပျက်သားလျှောနိုင်ချေ မြင့်တက်စေသည့်အပြင် သားအိမ်တွင် အကျိတ်များ၊ ရေအိတ်များဖြစ်ခြင်းတို့ကိုအားပေးကြောင်း သန့်မြန်မာအဖွဲ့ထံမှရရှိထားသည့် အချက်အလက်များအရ သိရသည်။

“တိရိစ္ဆာန်တွေမှာတွေ့ရသလောက်ဆို သူကမျိုးပွားအင်္ဂါတွေကို ပြဿနာဖြစ်စေတယ်။ တိရိစ္ဆာန်တွေမျိုးမပွားနိုင်တော့ဘူး။ နောက်တစ်ခါ အသဲ၊ ကျောက်ကပ်၊ အူလမ်းကြောင်းတစ်လျောက်ကို သူကဒုက္ခပေးနိုင်တယ်။​ အဲ့တာတွေပျက်ဆီးတဲ့ ပြဿနာတွေဖြစ်နိုင်တယ်ဆိုပြီး လေ့လာတွေ့ရှိချက်တွေရှိထားတယ်” ဟု သဘာဝပတ်ဝန်းကျင် အရေးလုပ်ဆောင်နေသည့် ဆရာဝန်က ထပ်လောင်းအတည်ပြုပြောသည်။

ထို့အပြင် ကမ္ဘာပေါ်ရှိ လူပေါင်း ၁ သန်းတွင် ၄ သိန်းခန့်မှာ ပလတ်စတစ်စီမံခန့်ခွဲမှုအလွဲများကြောင့် နှစ်စဉ်သေဆုံးနေကြရကြောင်း ဗြိတိန်အခြေစိုက် Waste Aid & Institute of Development Study (WasteAid) မှ ထုတ်ပြန်ထားသည်။

ပလတ်စတစ်နှင့် သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှု

ပလပ်စတစ်ညစ်ညမ်းမှုသည် ကျန်းမာရေးအပေါ်တွင်သာမက ကမ္ဘာသံယံဇာတအရင်းအမြစ်များနှင့် ကမ္ဘာကြီးပူနွေးလာမှုအပေါ်တွင်လည်း သက်ရောက်မှုရှိနေသည်။

ကမ္ဘာပေါ်တွင် အနှစ် ၆ဝ ကျော်အတွင်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ်စတစ်အလေးချိန်သည် ဆင်အကောင် ၁ ဘီလီယံခန့်၏ အလေးချိန်နှင့်တူနေပြီဟု အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ၂၀၁၇ ခုနှစ်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးသည်။

ထိုပမာဏသော ပလတ်စတစ်အပိုင်းအစများ၊ အမှုန်များသည် ပင်လယ်နေသတ္တဝါများနှင့် လူသားများ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာနေခြင်းဖြစ်သည်။

ထို့အပြင် ထုတ်လုပ်ခဲ့သမျှ ပလတ်စတစ်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းကျော်သည် မြစ်ချောင်း၊ အင်းအိုင်များနှင့် ပင်လယ်အတွင်းသို့ရောက်ရှိသွားကြောင်းနှင့် ၁၅ ရာခိုင်နှုန်းအောက်ရှိသော ပလတ်စတစ်များကိုသာ ပြန်လည်ပြုပြင်အသုံးပြုနိုင်ကြောင်း သိရသည်။

အဆိုပါနှုန်းအတိုင်းသာဆက်သွားပါက ၂၀၅၀ ခုနှစ်တွင် ၉၃၇ သန်းတန်ချိန်ရှိသော ပလတ်စတစ်များနှင့် ၈၉၅ သန်း တန်ချိန်ရှိသောငါးများသည် ပင်လယ်အတွင်း ပြည့်နှက်နေလိမ့်မည်ဟု ၂၀၁၆ ခုနှစ်ကကျင်းပခဲ့သည့် World Economic Forum တွင် တင်ပြခဲ့ဖူးသည်။

ထို့အပြင် National Geographic ၏ဖော်ပြချက်အရ ကမ်းခြေအမှိုက်အားလုံး၏ 73% သည် ပလတ်စတစ်ဖြစ်သည်။ အမှိုက်များတွင် စီးကရက်ဘူးများ၊ ပုလင်းများ၊ ပုလင်းအဖုံးများ၊ အစားအသောက်ထုပ်ပိုးခြင်း၊ ကုန်ခြောက်အိတ်များနှင့် polystyrene ကွန်တိန်နာများမှ စစ်ထုတ်ခြင်းများ ပါဝင်သည်။

အလားတူ ပလတ်စတစ်များ ထုတ်လုပ်မှုသည် စွမ်းအင်အလွန်အကျွံသုံးစွဲရ၍ ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် ဘီလီယံပေါင်းများစွာကို ထုတ်လွှင့်စေပြီး ကမ္ဘာကြီးပူနွေးလာမှုကို အားပေးစေသည်။

ပလတ်စတစ်အမှိုက်များကို မီးရှို့ခြင်းသည်လည်း ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်အစရှိသော အဆိပ်ဖြစ်စေသောဓာတ်ငွေ့များကိုဖြစ်ပေါ်စေပြီး လူသားများ၏ကျန်းမာရေးကို ထိခိုက်စေပြန်သည်။ ထို့အတူ အဆိုပါဓာတ်ငွေ့များကြောင့် မြေဆီလွှာနဲ့ ရေထုကိုပါညစ်ညမ်းစေသည်။

“အဲ့တော့ ပြောရမယ်ဆိုရင် ပလတ်စတစ်က အခုလောလောဆယ်မှာ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေထဲမှာ အကြီးဆုံးအကြောင်းအရာတစ်ခုဖြစ်ပါတယ် ” ဟု သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသည့် ဆရာဝန်ကမှတ်ချက်ပြုသည်။

ပလပ်စတစ်အသုံးပြုမှုကို ဘယ်လိုလျော့ချမလဲ

ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာကြီး၏ ကျန်းမာရေးကိုသာမက လူသားများ၏ ကျန်းမာရေးကိုပါ ခြမ်းခြောက်နေသည်မှာ မြင်သာနေသည်။

သို့သော် ၎င်းတွင် အားသာချက်များစွာရှိနေပြန်သည်။ အထူးသဖြင့် မာကြောမှု၊ တာရှည်ခံမှု၊ ဈေးနှုန်းသက်သာမှု၊ ရေစိုခံနိုင်မှု၊ အနံ့အသက်မရှိမှု၊ ပုံသွင်းရန်လွယ်ကူမှုတို့အပြင် ပြန်လည်အသုံးပြုနိုင်ခြင်းကြောင့် ပလတ်စတစ်ကို ကမ္ဘာအနှံ့တွင်တွင်ကျယ်ကျယ် ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။

ထိုကဲ့သို့ အားသာချက်များစွာရှိ၍ ယနေ့ခတ်တွင်ပလတ်စတစ်ပစ္စည်းများနှင့် ကင်းကွာ၍နေထိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်နေသည်။ အလားတူ ကောင်းကျိုးထက်၊ ဆိုးကျိုးကပိုများနေ၍ ပလတ်စတစ်အသုံးပြုခြင်း ကိုလျော့ချရန်လိုအပ်နေသည်။

ပလတ်စတစ်အိတ်များ လျော့ချနိုင်ရန်တစ်နည်းမှာ သက်ဆိုင်ရာအစိုးရများမှ အခွန်းစည်းကြပ်ခြင်းနှင့် အသုံးမပြုရန် ဉပေဒထုတ်ပြန်ခြင်းပင်ဖြစ်သည်။

ကင်ညာ၊ မာလီ၊ ကမ်မရွန်၊ တန်ဇေးနီးယား၊ ယူဂန်ဒါ၊ အီသီရိုးပီးယား၊ မာလာဝီ၊ မော်ရိုကို၊ တောင်အာဖရိက၊ ရဝမ်ဒါ၊ ဘော့စ်ဝါနာ စသည့်နိုင်ငံများတွင် ပလတ်စတစ်အသုံးပြုမှုကို ဉပဒေပြဌာန်းကာ လုံးဝ တားမြစ်ထားကြောင်း အချက်အလက်များအရသိရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်ဝမ်၊ သြစတေးလျ၊ အင်္ဂလန်၊ အီတလီ၊ ဝေလ၊ စကော့တလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ချီလီနှင့် ကိုလံဘီယာအစရှိသောနိုင်ငံများတွင် ပလတ်စတစ်အသုံးပြုမှုအပေါ် အခွန်ကောက်၊ အရေးယူမှုများရှိနေသည်။

မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဥပဒေပြုနိုင်သူများ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်အတွင်းတွင် နေပြည်တော်၍ Workshop တစ်ခုကျင်းပခဲ့သည်။

သို့သော် ပလတ်စတစ်မျာလျော့ချနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ မိမိကိုယ်တိုင်၊ တစ်ဦးချင်းစီ၏ လူနေမှုပုံစံကိုပြောင်းလဲပစ်ခြင်းဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက တစ်ညီတစ်ညွတ်တည်း အကြံပြုကြသည်။

စားသောက်ဆိုင်များ (ဉပမာ – လဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်) များသို့သွားရောက်ပါက ထည့်ရန် စတီးချိုင့်ဖြစ်စေ၊ ဗူးအလွတ်ဖြစ်စေယူဆောင်သွားခြင်းနှင့် ဈေးဆိုင်များသို့သွားပါကလည်း ပလတ်စတစ်အစားထိုးအိတ်တစ်မျိုးမျိုးကိုတစ်ပါတည်း ယူဆောင်သွားရန်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများအနေဖြင့် ပလတ်စတစ်အသုံးပြုမှု လျော့ချရေးနှင့်ပတ်သက်၍ အသိပညာပေးမှုများပြုပ်လုပ်နေသကဲ့သို့ ဆောင်းပါးအစတွင် တင်ပြခဲ့သည့် ကလောမြို့မှမုန့်ဟင်းခါးဆိုင်ပင်ရှင် မအေးဝေကဲ့သို့ တစ်ပိုင်တစ်နိုင် ပါဝင်သူများလည်း ရှိနေသည်။

မအေးဝေက ဆက်လက်၍ “ ပလတ်စတစ်ရှင်းပြီး သဘာအတိုင်းမြင်နေရတဲ့ မြက်ခင်းတို့ဆိုတာ ရှားရှားပါးပါးပဲ တွေ့ဖူးတာ။ အနားမှာပလတ်စတစ်တွေက အမြဲရှိနေတာ။ နေရာတကာမှာရှိနေတယ်ဆိုတာ သေချာတယ်။​ ပြီးတော့ ခရီးသွားတဲ့ ဒီဇင်ဘာတို့၊ သင်္ကြန်တို့ ပြီးသွားပြီဆိုရင် ကလောမှာအရမ်းသိသာတယ်။ ပလတ်စတစ်တွေအများကြီး ကျန်ခဲ့တာပေါ့နော်။ အဲ့တာကြောင့် တိုးရစ်ဇင်မြို့လေးဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းကိုမီခိုနေရတာဖြစ်လို့ ဒီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ဟာကို တစ်ယောက်ယောက်လုပ်ပေးတာမစောင့်နေချင်လို့၊ ကိုယ်လျော့ချလို့ရတဲ့အတိုင်းအတာနဲ့ လုပ်ချင်တာပေါ့နော်။ အဲ့တာကြောင့်လဲ ဒီဟာလေးကို စလုပ်ဖြစ်တာ ” ဟု  သူမ၏အတွေ့အကြုံကို ရှင်းပြသည်။

ပလတ်စတစ်သည် ရာသီဉတုပြောင်းလဲမှုတစ်ခုတင်မကဘဲ လူသားတို့၏ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေသည့်အပြင် ခရီးသွားလုပ်ငန်းများကို အမှိုက်များဖြင့်အကျည်းတန်စေခြင်း၊ တောရိုင်းသတ္တဝါများ၊ ငှက်နှင့် ပင်လယ်နေသတ္တဝါများကိုပါ အမျိုးမျိုးထိခိုက်စေလေသည်။

ထို့ကြောင့် မိမိကိုယ်တိုင်မှစတင်ပြောင်းလဲ၍ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို ကိုယ်တိုင်ကယ်တင်ရင်း ပလတ်စတစ်လျော့ချသုံးစွဲခြင်းဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကျန်းမာသောလူနေမှုဘဝကို ရရှိစေမည်ဖြစ်သည်။

“တခြားအရာတွေကပျက်ဆီးရင် ပျက်ဆီးသွားမယ်။ ပလတ်စတစ်က မပျက်ဆီးဘူးဖြစ်နေတယ်။ အဲ့တော့ ကျွန်တော် ၃ မျိုးကိုလုပ်စေချင်တယ်။ အသုံးပြုတာလျော့ချပေးပါ။ ပြန်ပြန် အသုံးပြုပေးပါ။ နောက်ဆုံးတစ်ခုက Recycle လုပ်ပေးပါ” ဟု သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသည့်ဆရာဝန်မှ အကြံပြုခဲ့သည်။

Author: Alden
May 2, 2023