တစ်ရှူးငှက်ပျောခင်းများကပေးသည့် စွန့်ပစ်ပလပ်စတစ် ဒုက္ခများ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် စန်ကားကျေးရွာအထွက် တစ်ရှူးငှက်ပျောခင်း  များဆီ ဝင်လိုက်သည်နှင့်တပြိုင်နက် ပလပ်စတစ်အပြာနုရောင်စများဖြင့် အုပ်ထားသည့် ငှက်ပျောခိုင်များကို တွေ့နေရသည်။

အသီးခိုင်ကြီးများသည့် ငှက်ပျောပင်တို့ မယိုင်လဲအောင် တပင်နှင့်တပင် ပလပ်စတစ်ကြိုးများဖြင့် ပင်ကူယက် ခြေထားကြသည် ။

အခိုင်ကို ပလပ်စတစ် စများဖြင့် သုံးထပ်နီးပါး အုပ်ထားသဖြင့် ငှက်ပျောခိုင်က ကြီးတာထက် ပိုကြီးနေသည်။အသီးခံသည့် အဖြူရောင် ဖော့အစများက ငှက်ပျောခိုင်သယ်သည့်  လမ်းကြောင်း တစ်လျှောက် ဖွေးဖွေးလှုပ်နေတတ်သည်။

အချို့ ငှက်ပျောထုတ်ပြီးသွားသည့် ခြံများတွင်တော့ မီးရှို့ပြီး ကျန်ရစ်သည် ပလပ်စတစ်မီးလောင်စကြီး မဲမဲကြီးကြီး အချပ်လိုက် အထပ်လိုက် ရှိနေတတ်သည်။

အနီးဝန်းကျင်က လယ်မြေ၊ယာမြေများတွင် ဟိုတစ်ပုံ၊ဒီတစ်စ။ အနီးက ချောင်း၊အင်းအတွင်းများတွင် အစုလိုက် အပြုံအလိုက် ပလပ်စတစ်တွေကို မြင်ရသည်။

အခုလို ပလက်စတစ်အများဆုံး အသုံးပြုနေကြတဲ့ ကချင်ပြည်နယ်က တစ်ရှူးငှက်ပျော်စိုက်ခင်း ဧကဟာ ၂၀၁၉ ခုနှစ် စာရင်းအရ ဧကပေါင်း တစ်သိန်း လေးသောင်းကျော် ရှိခဲ့ကြောင်း မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကွက်ရက်အဖွဲ့၏ နောက်ဆုံးကောက်ယူနိုင်ခဲ့သည့် စာရင်းအရသိရသည်။

မေခမြစ် အရှေ့ဘက်ကမ်းနှင့်ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတစ်လျှောက်ရှိ  ချီဖွေ၊ဝိုင်းမော်၊မြစ်ကြီးနား၊ ဒေါ့ဖုန်းယန်၊မိုးမောက်၊ဗန်းမော်၊မန်စီ၊ရွှေကူမြို့နယ်အတွင်း စိုက်ပျိုးနေကြခြင်းဖြစ်သည်။

အပင်ပေါင်း သန်းနှစ်ရာကျော်သည်။ တစ်နှစ်အသုံးပြုသည့်ပလပ်စတစ် ပိဿာပေါင်း သုံးသိန်းကျော် (တန်ချိန် ပေါင်း ငါးထောင်ကျော်) အသုံးပြုနေသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။

ပလပ်စတစ် အသုံးများလှသည့် တစ်ရှူးငှက်ပျောခင်းများ

တစ်ရှူးငှက်ပျောကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အထက်ပိုင်း ၊မန်ဝိန်းကြီးဒေသသို့ ဘိန်းတိုက်ဖျက်ရေးခေါင်စဉ်းဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ ဝင်ရောက်လာခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊၂၀၁၇ ခုနှစ် ယခင်ဘိန်းစိုက်ပျိုးခြင်း လုံးဝမရှိသည့် ဝိုင်းမော်မြို့နယ် အောက်ပိုင်း၊မြစ်ကြီးနား၊ဒေါ့ဖုန်းယန်၊မိုးမောက်၊ဗန်းမော်၊မန်စီ၊ရွှေကူ မြို့နယ်များ အတွင်းသို့ ပျံ့နှံသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဝန်ဆောင်မှုများကို တာဝန်ယူပြီး တရုတ်နိုင်ငံက ကုန်သယ်ကြီးများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူးပေါင်းကာစိုက်ပျိုးထုပ်လုပ်နေခြင်းဖြစ်သည်။

တစ်ရှူးငှက်ပျောပျိုးပင်ကတည်းက တစ်ထွာခန့်အမြင့်ရှိ ပလပ်စတစ်ပျိုးအိတ်များအတွင်း ပျိုးကြ ရသည်။ယင်းကမှ တစ်ဆင့် ပလပ်စတစ် ရေပိုက်များ အကွက်ကျ ချထားသည့် စိုက်ကွင်းများသို့ ပြောင်းရွှေ့စိုက်ပျိုးရသည်။

တစ်ဧကလျှင် ငှက်ပျော အပင် ၁၄၀၀ ဝန်းကျင် စိုက်ပျိုးနိုင်သည်။ ရှစ်လ ပျိုးထောင်မှ အခိုင်ထွက်သည်။  ငှက်ပျောခိုင်ထွက်သည်နှင့်အစွပ်၊ပလပ်စတစ်အပြာစ ၊ အသီးတွင်သီးခြာညှပ်သည့် ဖေါ့သုံးမျိုးကို သုံးကြရသည်။

ငှက်ပျောခိုင်ထွက်ပြီး  အပင်ခုတ်သည်အထိအပင် ၅၀၀ တစ်စုအတွက် ပလပ်စတစ် ပိဿာ  ၇၇ ပိဿာနှင့် ၅၀ ကျပ်သား အသုံးပြုကြရကြောင်း တွေ့ရသည်။

ယင်းပလပ်စတစ်များကို တရုတ်နိုင်ငံမှ ပလပ်စတစ်ကော်စေ့များအဖြစ် ယူဆောင်လာပြီးမြန်မာနိုင်ငံရှိ စက်ရုံ ၁၃ ရုံက ငှက်ပျောခင်းများအတွက်  ပလက်စတစ်များကို ပြန်လည် ထုတ်လုပ်နေကြရခြင်းဖြစ်သည်။

ယခုနှစ် World Environment Day ၏ဆောင်ပုဒ်မှာ  “ပလပ်စတစ်ညစ်ညမ်းမှုကို နှိမ်နှင်းကြ “ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

ဆောင်ပုဒ်ကို ကြည့်ခြင်းအားဖြင့် ပလတ်စတစ် ညစ်ညမ်းမှုပြဿမှာ အရေးတကြီးဖြေရှင်းရမည့် ပြဿဖြစ်ကြောင်း မီးမှောင်းထိုးပြနေသည်။

ပလတ်စတစ် ပည်းများ၏ ဆွေးမြေ့သည့်သက်တမ်းမှာ အမျိုးအစားပေါ်မူတည်ပြီး ဆယ်နှစ်မှ နှစ်ရာချီအထိ ကြာမြင့်နိုင်ပါသည်။

စွန့်ပစ်ပလတ် စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊မြေ၊လေထုများ ညစ်ညမ်းမှုဖြစ်စေပြီး ပလတ်စတစ်မီးရှို့ရာမှ ထွက်လာသည့် ဓါတ်ငွေ့တစ်ချို့သည် ကမ္ဘာကြီးကို ပူနွေးမှု ဖြစ်စေပါသည်။

မြေငှားသူတွေနှင့် ငှက်ပျောခင်းဘေးက လယ်၊ယာတွေ ဒုက္ခ

တစ်ရှူးငှက်ပျောသည်  တန်းခြား ခြောက်ပေဝန်းကျင်ရှိပြီး အခိုင်ခုတ်ပြီးပါက ငှက်ပျောပင်ကို ခုတ်လဲကာ တန်းခြားအတွင်း ပစ်ပုံထားကြရသည်။ နောက်ငှက်ပျောရာသီ မရောက်မှီ မီးရှို့ဖျက်ဆီးကြရာပလပ်စတစ်အမှိုက်များမှာ မီးလောင်ကျန်ရစ်သည်။ကွန်ကရစ် ခဲကြီးလို မာမာတောင့်တောင့်ဂျပ်ခဲကြီးဖြစ်နေသည်။

ခတ်ချိုကျေးရွာမှ စိုက်ခင်း ငှားထားသူ ဦးစိုင်းလင့်က  ” ကျနော်က အရင်က ပြောင်း စိုက်တာ။ ရေနစ် ၊မိုးကြီး၊ ကုန်းဈေးနှုန်း မသေချာတော့ ငှားထားတာ။ပလပ်စတစ်တွေ အခင်းတွေ မကျန်ရစ်စေနဲ့လို့ ပြောတာကို အခုက မီးရှို့ထားတာတွေ အများကြီးပဲ။ အဲဒီရဲ့ ဆိုကျိုးကတော့ ဘာတွေ ဖြစ်အုံးမယ်မသိဘူး”ဟု ဆိုသည်။

ပလပ်စတစ်  အစတွေကြောင့်  စိုက်ခင်းအတွင်းက အပင်တစ်ချို့  မဖြစ်ထွန်းသည်ကို တွေ့ကြောင်း၊ ပလပ်စတစ်အစတွေကို အချို့လယ်သမား အများစုက ပစ်ထားတာ များကြောင်း၊ မကောက်နိုင်သည့် လယ်သများက ထယ်ထိုး မြှုပ်ပစ်ကြောင်း စန်းကားကျေးရွာက ဦးဆူဒါရ်ဆန်းက ဆိုသည်။

” မြေကြီးထဲ ဖော်ကြည့်တာ ပလပ်စတစ် အောက်က ခံနေပြီး အမြစ်တွေ မဖောက်နိုင်တာပဲ။ ရပ်ကွက်အုပ်ချုပ်ရေးကလည်းအခင်းအတွင်းမှာ ပလပ်စတစ်တွေ မကျန်အောင် လုပ်ဖို့ စာထုတ်ကြတယ်။ ဒီမှာတော့ စနစ်တကျ သိမ်းသူရှားတယ်။မြေကြီး ဘယ်လောက် ထိခိုက်နိုင်သလဲ တောင်သူတွေက မသိသေးဘူး။ ကျနော်တို့ရွာကနွားသုံးကောင်လည်း ပလပ်စတစ်တွေ စားပြီး အစာအိမ်မှာ ဆိုသေတာ ကိုယ်ပိုင်နွားအပါအဝင် သုံးကောင်ရှိတယ်”ဟု ဆိုသည်။

လယ်ထဲကို  နှစ်စဉ် ပလပ်စတစ်ရောက်တဲ့ ပြဿနာနှင့်ပတ်သက်ပြီး ဘယ်သူအဖွဲ့အစည်းမှ အားကိုး မရဘဲ ကိုယ်လယ်ကွက်ထဲရောက်တာကို ကိုယ်တိုင် ဖြေရှင်းနေရတယ်လို့ ဥလောက်ကျေးရွာက တောင်သူဦးစိုင်းဘအေးက ဆိုသည်။

” ဘေးအခင်းက ကျလာရင်တော့ ငှက်ပျောခင်းပိုင်ရှင်ကို ပြောတယ်။ ငှက်ပျောခင်း ကြားတွေက လျှိုမြောင်းကြီးက ဧရာဝတီမြစ်နှင့် ဆက်နေတော့ ရေတွေကြီးလာရင် မြောင်းထဲက အမှိုက်တွေ အားလုံးက ကျနော်လယ်ထဲမှာ လာပုံနေရောပဲ။ ငှက်ပျောခင်းလုပ်တာနဲ့ လူတွေ အများကြီး ရောက်ပြီး မြောင်းထဲလည်း အမှိုင်တွေက ပြည့်နေတာ။နှစ်တိုင်း ဖြစ်နေတာ စိတ်ညစ်စရာပဲ”’ဟု ဆိုသည်။

ကချင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဌေးလွင်က ငှက်ပျောစိုက်ကုမ္ပဏီတွေ ကို GAP (Good Agricultural Practice) စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို သင်တန်းပေးနေကြောင်း၊မြေငှားကတည်းက နှစ်ဦးနှစ်ဖက် အသိရှိရှိဖြင့် ချုပ်ဆို လုပ်ကိုင်ကြရန် လိုကြောင်း၊ အနှီးတောင်သူများကမိမိစိုက်ပျိုးမြေပေါ် နစ်နာမှု ရှိပါက သက်ဆိုင်ရာ ဌာနထံ တိုင်ကြားဖို့ လိုအပ်ကြောင်း အကြံပြုသည်။

”ကျနော်တို့ လုပ်နိုင်တာက နယ်စပ်အဝင်ဂိတ်မှာ စစ်ဆေးတယ်။ သီးနှံထွက်လာတော့ ဓါတုဓါတ်ကြွင်း စစ်တယ်။တရားဝင် မှတ်ပုံတင်တွေနဲ့ မလုပ်ထားတော့ မြေပြင်ကွင်းဆင်းမှု မလုပ်နိုင်ဘူး။ကြီးကြပ်မှု အားနည်းလွန်းတာပေါ့”ဟု ဆိုသည်။

ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွင် ပါဝင်သူ တစ်ဦးက တစ်ရှူငှက်ပျော ခင်းဟာ ဝိုင်းမော်မြို့နယ် အထက်ပိုင်းမှာ ဆယ်နှစ်ကျော်၊အောက်ပိုင်းမှာ ခြောက်နှစ်ဝန်းကျင် စိုက်ပျိုးလာပေမယ့် ပလပ်စတစ်နှင့် ပတ်သက်ရင် နယ်စပ်ဂိတ်တွေမှာ ဝင်လာကတည်းက အခွန်ကောက်တာ၊Recycle ပြန်လုပ်တာ၊ စနစ်တကျ အမှိုက်ကောက်တဲ့ စနစ်တွေ လုံးဝ မရှိသေးတာက မြေဆီမြေနှစ်ကောင်းမွန်တဲ့ ဧရာဝတီ နှုန်းတင်မြေနု လွင်ပြင်ကို အတိုင်းအဆ မရှိ ပျက်စီးစေနိုင်သည့် အန္တရာယ် ရှိနေကြောင်းဆိုသည်။

ယင်းက ” အဓိကတော့ ရေဝေရေလဲ မချန်တာ၊ စိုက်ခင်းကြားဇုံတွေ မထားတာက  ရေတွေ ရှားလာသလို ဂေဟ စနစ်လည်း လုံးဝချို့ယွင်း သွားတယ်။ အခု နောက်ဆုံးလုပ်နေတဲ့ စစ်တမ်းအရတော့ ဝိုင်းမော်မြို့နယ်မှာဆိုရင်  ဂေဟစနစ်၏ ဝန်ဆောင်မှုရဲ့ သဘာဝ ပတ်ဝန်းကျင်  ခံနိုင်မှုဒဏ်က ၁၆ ရာခိုင်နှုန်း ပြုတ်ကျသွားတယ်။ တောတောင်တွေ၊ချောင်းမြောင်းတွေက အသီးအရွက်၊သားငါး မရနိုင်တော့ဘူးပေါ့။ တစ်ရှူးငှက်ပျောရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်တွေ စိုးရိမ်အမှတ် ကျော်နေပါပြီ”ဟု ဆိုသည်။

အခက်တွေ့ကြရတဲ့ တံငါသည်တွေ

စွန့်ပစ် ပစ္စည်းတွေဖြစ်သည့် ပလပ်စတစ် အမှိုက်တွေက အများဆုံးစုပုံနေရာဟာ မြောင်း၊ချောင်း၊ အင်းနှင့် နောက်ဆုံး ဧရာဝတီမြစ်ထဲကို ရောက်သည်။

၂၀၁၉ ခုနှစ်က Fauna and Flora International (FFI) နဲ့ သန့်မြန်မာတို့ ပူးပေါင်းကောက်ယူခဲ့သည့်စစ်တမ်းအရ ဧရာ၀တီမြစ်ထဲကို နေ့စဥ်ပလပ်စတစ်တန်ချိန် ၁၁၉ တန် စီး၀င်နေကြောင်း ဖော်ပြထားသည်။

တံငါလုပ်ကိုင်သူတွေက အင်းဘေးငှက်ပျော စိုက်ခင်းကကျသည့် ပလပ်စတစ် အမှိုက်တွေကို ရနိုင်သည့် နည်းဖြင့် ဖြေရှင်ေးနေသော်လည်း မြောင်းထဲက အမှိုက်များ၊ရေစီးဖြင့်ပါလာသည့် အမှိုက်များက  ဖြေရှင်း မရဘူးကြောင်းအင်းသူကြီး ကိုဖိုးသိန်းက ဆိုသည်။

” ကျနော်တို့ အင်းတွေကနွေမှာ ရေခမ်း၊မိုးမှာ ရေဝင်တဲ့ အင်းတွေ အများစုပေါ့။ဧရာဝတီမြစ်ကနေ ရေဝင်မှ ငါးအများစုက ပြန်ဝင်တာပေါ့။ ရေတွေ တက်လာပြီဆိုရင် အမှိုက်က ဖောင်ဖွဲ့ပြီး မျှောလာရော။အမှိုက်က ဆွေးလည်း မဆွေးဘူး။နောက်ဆုံးဘာဖြစ်သွားမလဲ မသိဘူး။ ငါးတွေက တစ်ရှူးငှက်ပျောခင်း ဝင်လာပြီးမှ တစ်နှစ်ထက် တစ်နှစ်ရှားလို့(၄င်း၏စိတ်အထင်)ငှက်ပျောခင်း ဘေးတစ်လျှောက် ချောင်းတွေ၊အင်းတွေဆိုရင် အင်းဆွဲမယ့်သူ မရှိဘူး။” ဟု ဆိုသည်။

ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနက ဦးစောအောင် ရဲထွဋ်လွင်က

ပလပ်စတစ်နှင့် ပတ်သက်ပြီး ပညာပေးတာတွေမလုပ်နိုင်သေးကြောင်း ၊ပလပ်စတစ်နှင့် အခြားသော အမှိုက်များကြောင့် ရေအရည်အသွေး ကျဆင်းမှုကိုတွေ့ရကြောင်း ဆိုသည်။

”တွေ့တဲ့ ချောင်းမြောင်းတိုင်း က အရင်ကာလကတွေကို လူတွေ သောက်ဖို့ အခြေအနေ မရှိကြတော့ဘူး။ တချို့ရေတွေက တိရစ္ဆာန်အတွက်တောင် မကောင်းတော့ဘူး။ရေအရည်အသွေးကျတော့ငါးကျန်းမာရေး ထိခိုက်တာပေါ့။ငါးသံယံဇာတတွေနည်းလာတာပေါ့”ဟု ဆိုသည်။

တစ်ရှူးငှက်ပျော မဝင်ခင်က ဆယ်ပိဿာအထက် အကောင်ကြီးသည့်ငါးများ နှစ်စဉ်ရသော်လည်း ယခုနှစ်ပိုင်းများတွင် ဖမ်းမိသည့် ဖြစ်စဉ်များ ရှားပါးသွားကြောင်း တံငါးသည် အများစုက ဆိုသည်။

ခတ်ချိူအင်းပိုင်း တစ်နေရာတွင်  ငါးဖမ်းနေသည့် တံငါသည် တစ်ဦးက ” ငါးရှားပါးလာတာက ဒီငှက်ပျောစိုက်ခင်းတွေမတိုင်ခင်ကတည်းကပါ။ ငှက်ပျော စိုက်ခင်းတွေ ရောက်လာတော့ ဆတိုးနဲ့ ရှားလာတာ။ မထိန်းသိမ်းရင်တော့နောင် ဆယ်နှစ်လောက် ဆိုရင် အရုပ်ရေးကြည့်ရမယ့် သဘောပဲ”ဟု ဆိုသည်။

အကောက်အခွန်နှင့် တာဝန်ယူ တာဝန်ခံမှု

ကချင်ပြည်နယ်ကထွက်သည့် တစ်ရှူးငှက်ပျောသယ်ကားများကို ကန်ပိုင်တည် နယ်စပ်ဂိတ်တွင် ကုန်သွယ်ခွန် ၂ ရာခိုင်းနှုန်းအဖြစ် ကျပ်ငွေ လေးသိန်းနှင့် ပြည်နယ်ဖွံဖြိုးရေးအတွက် ကျပ်ငွေနှစ်သိန်းနှစ်သောင်း စုစုပေါင်း ခြောက်သိန်းကျော် ကောက်ယူနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပလပ်စတစ်အစေ့များအတွက်မူ သီးခြား အခွန်ကောက်ခံခြင်း မရှိပေ။ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကောက်ယူထားသည့် စာရင်းများရ ဘဏ္ဍာနှစ်အလိုက်ကောက်ခံရရှိကျပ်ငွေမှာ ၂၀၁၃-၁၄ ခုနှစ်တွင် ၂၃ သန်းကျော်၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၈၁ သန်းကျော်၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၆၇ သန်းကျော်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၁၂၅၅ သန်းကျော်၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၂၂၇၆ သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့နည်းတူ KIO / KIA အဖွဲ့အစည်းထံသို့လည်း နှစ်စဉ် ကျပ်ငွေ သိန်းပေါင်း တစ်သောင်းလေးထောင်နီးပါး အခွန်အခအဖြစ် ပေးသွင်းကြရကြောင်း ငှက်ပျောလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။

အစိုးရအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကပါ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းများနှင့်ပတ်သက်၍  အောက်ခြေပြည်သူများ၏ ပလပ်စတစ်အမှိုက်ကဲ့သိုသော မြေထု၊ရေထု၊လေထု ညစ်ညမ်းမှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။

ငှက်ပျောလုပ်ငန်းရှင် တစ်ဦးက ” ဝိုင်မော်ကနေ ကန်ပိုင်တည်ကို ထွက်ရင် ဂိတ် ၁၇ ရှိတယ်။ အစိုးရကို တရားဝင် ခြောက်သိန်းကျော်ကုန်တယ်။သူတို့ကို ပေးရတာကအဲ ထက်များနေတယ်။ ပြဿနာဖြစ်ရင် တော့ကိုယ်နဲ့ မဆိုင်ကြတော့ဘူး”ဟု ဆိုသည်။

ပြင်ဆင်နေဆဲ ဖြစ်သည့်  RECYCLE  လုပ်ငန်း

တစ်ရှူးငှက်ပျောစိုက်ပျိုးမှုများတာ၀န်ယူနေသည့် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက ယခင်က ကိုင်တွယ်မှုအားနည်းခဲ့သော်လည်း ယခုအခါ Recycle ပြန်လုပ်ရန် ဆောင်ရွက်နေကြာင်းဥက္ကဖြစ်သူ ဦးလရစ်ကက ပြောသည်။

” ကျနော်တို့က မီးမရှို့ဖို့၊ ၁၂ ပေ မြေကျင်းတူးပြီး မြှုပ်ကြဖို့၊ ရေရှည်တည်တံ့အောင် ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ကြဖို့  အများကြီးညွှန်ကြားတယ်။အရင်ကာလတွေက အရှုံးတွေ၊ငွေကြေးပြဿနာတွေ အများကြီးတက်တော့ မလုပ်နိုင်ကြတော့ဘူး”ဟု ဆိုသည်။

ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင်းကနေ ဝိုင်မော်မြို့အဝင် တံတားအထိ ပလပ်စတစ်နှင့် သံတိုသံစ ဝယ်သည့် မန္တလေးတိုက်ရိုက် ဆိုင်ကြီးတွေ ၁၆ ဆိုင်ရှိသည်။တစ်ရှူးငှက်ပျောခင်းအနီးက ရွာတွေမှာက တစ်ရွာ လေးငါးဆိုင် တွေ့ရသည်။ရွာတွေမှာ တစ်ပိဿာ သုံးရာကောက် သည်။ပြန်ရောင်း ကြသည်။တစ်ရာကျပ်ပြန်ဈေးတင်ကာ ရောင်းကြသည်။

၂၀၂၁ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးက ပြောင်းလာသူတွေ အများစုဖြစ်သည်။

ဥလောက် ကျေးရွာတွင် ပလပ်စတစ် ဒိုင်ဖွင့်ထားသူ ကိုမြညို”စိုက်ခင်းတွေထဲမှာ ဖော့တွေကလွဲပြီး အကုန်ကောက်တယ်။ပိဿာ ၃၀ ဝန်းကျင်လောက် နေ့တိုင်းရပါတယ်။ အရင်ရောက်စကတော့  တစ်ခင်းလုံး ပလပ်စတစ်နဲ့ ပြည့်နေတာ။အခုက လုပ်တဲ့သူ တအားများသွားပြီ။

အခုက ဂျပ်ဖာစက္ကူနှင့် ပလပ်စတစ်ဈေးတွေ ပြန်ကျနေတယ်။ မန္တလေးမှာ မီးမမှန်တော့ ကုန်မထုတ်နိုင်ဘူးတဲ့။စားဝတ်နေရေးတော့ အဆင်ပြေတယ်။ ပစ္စည်းတင်ဖို့ သွားရေးလာရေးအတွက် ဆိုင်ကယ်လက်ကျကို မဝယ်နိုင်သေးဘူး”ဟု ဆိုသည်။

တစ်ရှူးငှက်ပျောခင်းသုံးဖို့ ပလပ်စတစ်ကော်စေ့တွေကို တရုတ်နိုင်ငံမှာ ယူသွင်းကာ ကချင်ပြည်နယ် အတွင်း စက်ရုံ ဆယ်ရုံကျော်ဖြင့် လည်ပတ်ခဲ့သည်။ယင်းအတွက် ဖြေရှင်းရန်အတွက် စန်းကားကျေးရွာအုပ်စုမှာRecycle ပြန်လုပ်သည့်  ပလပ်စတစ် စက်ရုံတစ်ခု တည်ဆောက်နေဆဲဖြစ်ပြီး ကုန်ကြမ်းစုကာစက်တပ်ဆင်နေဆဲဖြစ်ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အတွင်းရေးမှူးဖြစ်သူ ဦးထွန်းထွန်းလတ်က ဆိုသည်။

”ကျနော်တို့ကတော့ အခုပြင်ဆင်နေပြီ။ ပလပ်စတစ်စွန့်ပစ် ပစ္စည်းတွေအတွက်တော့ ဖြေရှင်းပြီးသား ဖြစ်မယ်။ကောင်းကျိုးတွေ ရှိမယ်လို့ ယူဆတယ်”ဟု ဆိုသည်။

ကချင်ပြည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးကပလပ်စတစ်အမှိုက်များကို Recycle ပြန်လုပ်သည့်နည်းသည် အကောင်းဆုံးနည်းတစ်ခုထဲပါကြောင်းပြောသည်။

” အခုမြင်နေရတာတော့ မီးရှို့ ဖြေရှင်းနေကြတာပဲ။အခုဒီရက်ပိုင်းတွေ  မြစ်ကြီးနားမှာ စံချိန်တင် အပူတွေ ဖြစ်လာတာဟာ အဲဒီလိုလုပ်တဲ့ အကျိုးဆက်တွေပဲ။မီးတွေရှို့ ဖန်လုံအိမ်ဓါတ်ငွေ့တွေ ထုတ်၊ကာဗွန်တွေ ထုတ်လွန်းလို့ ဆိုတာ သိကြရင် အားလုံးဆင်ခြင်းပြီး ဝိုင်းတွန်း ၊ဝိုင်းလုပ်ကြရင် အကောင်းဆုံးပေါ့”ဟု ဆိုသည်။

ထွန်းလင်းအောင် (မြစ်ကြီးနား)

Author: Htun Lin Aung (Myit Kyi Na)
May 2, 2023